Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်
Showing posts with label ဆောင်းပါး. Show all posts

Friday, March 15, 2013

Delay in humanitarian aid to those affected by Kachin conflict





Posted by: PNA
Post Date : 15 March 2013

Insecurity is once again rearing its ugly head in the arena of Myanmar's humanitarian affairs.  The Japanese charity, the Nippon Foundation has recently reported that the Myanmar government is impeding the dispersal of aid to areas afflicted by the KIA conflict.

At a press conference in Rangoon held earlier in the month,  the Nippon Foundation project coordinator Takehiro Umemura said aid delivery plans for internally displaced ethnic Kachin have been delayed due to a lack of government access to the region. The foundation is requesting permission to visit the area in order to rectify issues related to ineffectual communication.

“We wanted to get permission as soon as possible,” he said. “We officially asked permission from the government many times.”

Since the end of the 17-year ceasefire agreement between the KIO/ KIA and the Myanmar government in June 2011, nearly 100,000 villagers have been displaced.

To alleviate the resource problem, some aid organizations have attempted to supply materials to those displaced by the violence;  the UN and the International Committee of the Red Cross began to slowly gain access to the areas in late February. Still, due to the isolated nature of the area, it has proved difficult for aid organizations to dispense aid to those living in conflict afflicted regions. The operations were made more accessible after rebels and the government began ceasefire talks on Feb. 4.

Yet, delivery of supplies from Myitkyina to Laiza, has proven difficult since many of the roads are blocked and have impeded transportation.

“The people really need aid, but we do not want to have problems with the government over sending this aid,” Umemura added.

Albeit tensions surrounding the distribution of supplies to those in Kachin state, there is a light at the end Myanmar's dark tunnel towards resolution and progress. The Nippon Foundation has taken an interest in resolving Burma’s ethnic tensions as well as its economic issues. It has pledged a donation of nearly US $3 million in emergency aid, as well as education and healthcare support in the country's ethnic areas. After the introduction of political reforms under President Thein Sein international trade sanctions were lifted last year, prompting the Japanese government to re-establish economic ties with Burma, in addition to canceling the more than US $3 billion in foreign debt owed by Burma, and to build up Japanese economic interests in the country.

In addition to the Japanese provided assistance Myanmar is diversifying its economic prospects and has recently committed to joining fellow members of the Ayeyawaddy-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) to realize the action plans of the group. The five-member ACMECS countries comprise of Cambodia, Laos, Myanmar, Thailand and Vietnam.

There are eight sectors that ACMECS is targeting, which include trade and investment, agriculture, industry and energy, transportation, tourist, human resources development, public health and environmental conservation.

A meeting with the group took place earlier in the month, at which time participants vowed to double the efforts of member countries individually and collectively for the sake of ACMECS nations and their people.

The current reforms and help from the Nippon Foundation is intended to help with Myanmar's development and improve the standard of living within the country.
8:35 PM Posted by Phophtaw 0

Thursday, March 7, 2013

ဇာတိချက်ကြွေ မွေးရပ်မြေ




 ဏီမိုး Z


ဒီလို အရောင်မရှိတဲ့နေ့တွေမှာ အတွေးဧကစာပျံ့လို့ တောင်ညိုတောင်တန်း တစ်လျှောက်ဆားနံ့သင်းတဲ့လေ တွေအောက်က ရွှေဖြူလို့ ချစ်စနိုးခေါ်ကြတဲ့ ဇာတိမြို့လေးကို ကျနော်လွမ်းတယ်။

စက်စဲ ကမ်းခြေ ဘုရားပွဲတော်နဲ့ သဲသောင်ပြင်ပေါ် မြင်းဒုန်းစိုင်းစီးတဲ့အရသာ။ ပင်လယ်ထဲကို ခြေလွတ်လက်လွတ် ခုန်ပေါက် ပြေးဝင်လိုက်ရတဲ့ပျော်ရွှင်မှု ။

ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ဆံတော်ရှင် ၁၁ ဆူ ကျိုက္ခမီ ရေလည်ဘုရား ပွဲတော်နဲ့ နံနက်စောစော ဆွမ်းအိုးမျှော်ပွဲ ရှင်ဥပဂုတ် ဖောင်လွှတ်ပွဲ၊ မိသားစု အတူ တည်ဖူးခဲ့ကြတဲ့သဲပုံစေတီ။ 

ကျနော်တို့ နယ်ဘက်တွေက တောင်မြင်ရင် စေတီတည်ကြလား မသိဘူး။ အင်ကြင်းတောင်၊ ကကတစ်တောင်၊ ဖောင် စိန်တောင် အကုန် စေတီပုထိုးတွေချည်းပဲ။

မြို့ပေါ်က၀ဲကလိ ရေပူစမ်း ၊ ရေတံခွန် ၊ကျိုက်ဒေစွတ် ဆံတော်ရှင် စေတီတော်ဘုရားပွဲကျရင် ညဘက် တောင်ပေါ်ကို ပျော်ပျော်ကြီးတက်ခဲ့ကြတာ။ပြင်ဦးလွင်လိုမျိုး စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုလည်း ၀ဲကလိမှာရှိတယ်။

မြို့အ၀င်မှာ ခရမ်းရော်ဘာချက်စက်ရုံနဲ့ မြို့အထွက်မှာ အဝေးပြေးကားဂိတ်တစ်ခုရှိတယ်။ မြို့မဈေးကြီး တစ်ခုကိုပဲ အဓိက ထားပြီး အသုံးပြုကြတယ်။ 

ဒုတိယ ကမ္ဘာစစ်ဗြိတိသျှ စစ်သားတွေနဲ့ မဟာမိတ် တပ်သားတွေရဲ့ အမှတ်တရ စစ်သချိုင်းဘေးက ကံ့ကော်လမ်းနဲ့အ မှတ်(၂)အထက၊ ငယ်သူငယ်ချင်းများ၊ ကျနော်လူပျိုလှည့်ခဲ့တဲ့ အမှတ်(၁)အထက ကိုလည်းလွမ်းပါ့။

ငယ်ဘ၀ လေသေနတ်ကိုယ်စီနဲ့ ငှက်ပစ်ထွက်ခဲ့ကြတဲ့ ဂျပန်စစ်စခန်းဟောင်း ဂျပန်ဂူ၊ နာမည်ကြီး မိန်ပရ (မှိန်ပျပျ) တောင်တန်း။ (ဂျပန်တွေ ဆုတ်တုန်းက ရွှေငွေ အဖိုးတန် ပစ္စည်းတွေ ခုထိမြုပ်နှံထားတုန်းပဲလို့ ပါးစပ်ရာဇ၀င်ရှိတယ်)
ဖောင်စိန် ဆိုတာက ရှေးမွန်ဘုရင်တွေခေတ်က ဆင်တွေရေဆင်းချိုးတဲ့နေရာပေါ့။ မုတ္တမပင်လယ်အော်ထိကို လှေ သမ္မာန်တွေ သွားလာလို့ရတယ်။ ခုတော့မြစ်ကနေ ချောင်းဖြစ်ပြီး ကောနေပါပြီ။

မေ့နေတာ လူဆိုးတွေနဲ့ ကျောင်းပြေးပြီး ရထားခိုးစီး ကလော့သော့တံတားမှာ လောက်စာလုံးတွေ သွားလုံးပြီး ရေ သွားကူးကြတာ။

ကရုပ္ပိတံတားမှာလည်း ငါးသွားမျှားဖူးတယ် ရေစီးတအားသန်တယ်။ငါးမရ ရေချိုးပြန်ခဲ့တာပေါ့။ ၁၉၉၀ ၀န်းကျင် လောက်က တံတား၂ ခုလုံး မွန်တော်လှန်ရေးစစ်သားတွေ ဗုံးခွဲဖျက်ဆီးခံရပြီးမှ ပြန်ပြင်ထားတာ။

မှတ်မှတ်ရရ ၉၀ ၀န်းကျင်ပဲ သံဖြူဇရပ်မြို့ကို မွန်တပ်တွေ ၁ ရက်သိမ်းဖူးတယ်။ထူးဆန်းတာက လူတစ်ယောက်မှ အသေအဆုံးမရှိလိုက်ဘူး။ သြော် သူ့နယ်သူဝင်သိမ်းတာကိုး။ 

ခုထိအသုံးပြုနေဆဲ အဓိကလမ်းမတွေက အင်္ဂလိပ်ခေတ်ကတည်းကခင်းခဲ့တဲ့လမ်းတွေပဲ။ ပေါက်လိုက်ဖာလိုက် ခုထိ ဒါပဲသုံးနေဆဲပဲ။ 


မော်လမြိုင် တက္ကသိုလ်မှာတော့ သံဖြူဇရပ်သူတွေ ချောတယ်ဆိုပြီး ရေပန်းစားတယ်။တိုင်းအဆင့်လှယဉ်ကျေးမယ် သိသလောက်တော့ နှစ်ယောက်ပဲ။ သံဖြူဇရပ်က နုနုဆွေရယ် ကျုံကဒတ်က တစ်ယောက်ရယ်၊ နောက်ပိုင်းတွေ တော့မသိတော့ဘူး။

မိုးရာသီဆို အမြဲတမ်း ဘော်လုံးပွဲတွေနဲ့ ပြည့်နေတဲ့ ကြာကန်ဘော်လုံးကွင်း၊ ကျေးရွာနဲ့ရပ်ကွက်ပေါင်းစုံပေါင်း စုံ ဘော်လုံးပြိုင်ပွဲ ကျင်းပရာ မြို့မဘော်လုံးကွင်း(ကျနော်တို့ရပ်ကွက်က ဒိုင်းအများဆုံးရဖူးတာပဲ။ကြာကန်သားကွ)
နွေဘက်ဆောင်းဘက်တွေဆို တရားပွဲတွေ ခြိမ့်ခြိမ့်သဲပေါ့။သီတင်းကျွတ်ကျရင် မီးပုံးတွေ တစ်မြို့လုံး အပြိုင် အ ဆိုင်လွှတ်ကြတာ။

ကျနော်တို့က သိမ်ကျောင်းအဖွဲ့ပေါ့။သူများနဲ့မတူအောင် အကြီးဆုံးမီးပုံးပျံတွေလွှတ်တာ။အဖိတ်နေ့တိုင်း လုပ်အား ပေးခဲ့တဲ့ ဥပသကာအဖွဲ့ကိုလည်း သတိရတယ်။

မြို့လယ်က ဆေးအသစ်တွေ အမြဲ ထပ်ထပ်သုတ်ပြီး ဘယ်တော့မှ မလည်တဲ့နာရီစင်အို နဲ့ အထိမ်းအမှတ် ဇရပ်၊ မွန် တို့ရဲ့ နန်းမြို့တည်ရာ ၀ါခရူနန်းတော်ဟောင်းနဲ့ အဘိုးနဲ့အမြဲလိုက်ကြည့်ခဲ့တဲ့ နွားဝှေ့ပွဲများ၊ လောင်းကြေးတွေက အိမ်တိုင်းက တစ်နှစ်လုံး စုထားတဲ့လောင်ကြေးတွေကို တစ်နယ်လုံး စုပုံလောင်းတာ။


မှောင်ခိုခေတ်တုန်းက ဒုတိယ ပီနန်လို့တင်စားရတဲ့အထိ အကြီးအကျယ်ကုန်သွယ်ခဲ့ကြတယ်။ဘုရား၃ဆူထိ၇၂မိုင်။ ယိုးဒယားနယ်စပ်နဲ့က မိုင် ၁၀၀ကျော်လောက်ပဲဝေးတယ်။

ပင ထန်းရည်ဆိုင်တွေနဲ့ဆွမ်းလောင်းပွဲတော်။ ရွာတွေမှာလည်း ရွာလုံးကျွတ် အလှူပွဲတွေ ရှိတယ်။ တစ်ရွာလုံး အိမ်တိုင်း အလှူအိမ်၊ လှလှပပ တန်ဆာဆင် သီချင်းတွေဖွင့် ကြိုက်တဲ့အိမ်တက်စား၊ ကြိုက်ရာမုန့်စား။ အရပ်ရပ်ကလာကြ တဲ့ လှည်းအလှယာဉ် ရာပေါင်းများစွာ စီတန်းပြီးသွားကြတဲ့ အံခဲ ကမ်းခြေရေလည် ဘုရားပွဲတော် နဲ့ အနင်းဘုရားပွဲ တော်လည်း လူတိုင်းပြောစမှတ်ပြုရတဲ့ စည်ကားပြီး နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ဘုရားပွဲပါ။

ဆယ့်နှစ်ရာသီပွဲတော်တွေအပြင် ဘုရားပွဲ၊ဘုန်းကြီးပျံ၊ ကျေးရွာအလှူတွေပေါင်းတော့ လုံးလုံးပြားပြား ကျုပ်တို့မြို့ ဟာ ကျုပ်တို့ကမ္ဘာပဲ။

ကမ္ဘာမှာသံဖြူဇရပ်ကလို့ပြောလိုက်ရင် သေမင်းတမန်ရထားလမ်းဆိုပြီး သိကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြား တဲ့မြို့ လေးပါပဲ။ လွန်ခဲ့၃လလောက်က အလည်ရောက်တော့ တစ်မြို့လုံးနီးပါး ချဲ၊ဘော်လုံး၊ ကစားနည်းပေါင်းစုံနဲ့မြို့လေး ဟာ အသက်ငွေ့ငွေ့နဲ့အရိုးပြိုင်းပြိုင်းထနေသလိုပဲ။ ရာဘာရွက်ကြွေတောထဲလျှောက်ရင်း လူတွေရဲ့မျှော်လင့်ချက် မဲ့တဲ့မျက်လုံးတွေ။ 

စိုက်ပျိုးသူမဲ့ လယ်ယာတွေ၊ နိုင်ငံခြားမှာ တရားမ၀င်အလုပ်သွားလုပ်ပြီး ၀င်ငွေရှာ၊တိတ်တိတ်ပုန်း အေစ့်ကိုက်နေတဲ့ မြို့တွေ ရွာတွေ။

ပြည်သူ့စစ်တွေခုထိ အုပ်ချုပ်နေတဲ့ အညိုရောင် နယ်မြေ ဇာတိမြို့လေးမှာ အရင်က အရမ်းကိုစည်ကားခဲ့တဲ့ မြို့ လည်ရုပ်ရှင်ရုံ နှစ်ရုံ တစ်ရုံမှမပြတော့တာ နှစ် အတော်ကြာပြီ။

လိုအပ်ရင် လိုအပ်သလို ပေါတာတွေလည်း ပရမ်းပတာဆွဲ။မြို့လယ်က ချစားနေတဲ့ဆက်ကြေးစားရဲစခန်းနဲ့ သေနတ် တကားကားနဲ့ လူမိုက်ဂုဏ်မောက်နေတဲ့ ပြည်သူ့စစ်တွေ။ ပါလေရာ နှမ်းဖြူ ဖုန်းပါမစ်တွေ ရှိသမျှလုပ်ပိုင်ခွင့်တွေကို စစ်အစိုးရနဲ့ဝေစားမျှစား ကြံ့ဖွတ်တွေ၊
၃၁ နဲ့ ၆၂ စစ်တပ်ရင်းနှစ်ရင်း ခွစီးပြီး ဂုတ်သွေး စုပ်ခံနေရတာ ကျနော်သိခဲ့ပြီး ကျနော်မသိတော့တဲ့ မွေးရပ်မြေ။ ဒီလို ရဲတောင်းခံနေတာမျိုးက နေပြည်တော်က လွဲလို့ မြန်မာ တစ်ပြည်လုံးပါပဲ။

1:46 PM Posted by Phophtaw 0

Sunday, January 27, 2013

တြိဂံပုံပြင်

ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၇) ၂၀၁၃

ကျွန်မတို့ ခြောက်တန်းတုန်းက သင်္ချာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra သင်ရချိန်ဆိုရင် ပျော်ရသလောက်၊ Geometry သင်ရချိန်ဆိုရင်တော့ အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံတွေ၊ ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့ ကျွန်မက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ်ဆန်း ဆွဲလေ့ရှိတာကြောင့် စည်းကမ်းကြီးတဲ့ သင်္ချာဆရာမနဲ့ ခဏခဏ ထိပ်တိုက်တွေ့တတ်ပါတယ်။ တနေ့တော့ သုံးနာရီတြိဂံကို လက်နဲ့ ဆွဲချလိုက်တာ မျဉ်းတွေက တောင်ရောက်၊ မြောက်ရောက်ဖြစ်ပြီး ဘာကြီးမှန်းမသိ ဖြစ်သွားပါတယ်။ စာအုပ်ထပ်ချိန် နီးနေတာကြောင့် ပြန်ဖျက်ဆွဲချိန်လဲ မရတော့ပဲ မျဉ်းတွေလိုက်ဆက်လိုက်တာ အနားသေးသေးလေးတွေ ဆယ်နားလောက်များ ဖြစ်သွားသလားတောင် မသိလိုက်ပါဘူး။ နောက်ဆုံးတော့ ဆရာမနဲ့ ကြိမ်လုံးနဲ့ လက်ဖ၀ါး တွေ့ကြတော့တာပါပဲ။ ပြီးတော့ ဆရာမကလဲ ပြောလိုက်ပါသေးတယ်။ "သုံးနားညီ တြိဂံပုံ ဆွဲရင် မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက်ဆွဲနေရင် ပုံပျက်သွားမှာပေါ့" တဲ့။

ဒီလိုနဲ့ပဲ အဲဒီ တြိဂံပုံပြင်လေးကို မေ့မေ့ပျောက်ပျောက် ရှိနေရာက တခါမှာတော့ ကင်းဘရစ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဥပဒေအနီးကပ်စာမေးပွဲ သင်တန်းတခု သွားတက်မှပဲ သတိပြန်ရသွားခဲ့ပါတယ်။ ၀ါသနာအရ နိုင်ငံရေးပညာလေ့လာမိရာက နိုင်ငံရေးနဲ့ ဥပဒေတို့အကြားက အရေးပါတဲ့ ဆက်နွယ်မှုတွေကို သတိထားမိပြီး၊ ဥပဒေပညာရပ်ကိုပဲ တွဲဖက် စိတ်ဝင်စားလာခဲ့ပါတယ်။ ပြင်ပကပဲ စာအုပ်တွေ လျှောက်ဖတ်နေရုံနဲ့ ပညာရပ်တခုကို စနစ်တကျလေ့လာ တတ်မြောက်ဖို့ ဆိုတာကလဲ မဖြစ်နိုင်တာကြောင့် ဥပဒေကို ပညာရပ်တခုအနေနဲ့ လေ့လာဖို့ ဆက်ပြီး စဉ်းစားရပါတော့တယ်။ ဒါပေမယ့်လဲ ဥပဒေဘွဲ့တခုကို အချိန်ပြည့်သွားတက်ဖို့ကလဲ မဖြစ်နိုင်တော့ တာကြောင့် လန်ဒန်တက္ကသိုလ်က အဝေးသင်နိုင်ငံတကာ ပရိုဂရမ်ကနေ တဆင့်ပဲ လေ့လာသင်ယူ ဖြစ်ပါတယ်။ ဒီပရိဂရမ်က ဖတ်ရမယ့် စာအုပ်တွေကို သင်ရိုးညွန်းတန်းအတိုင်း ဖတ်ရှုလေ့လာပြီး၊ နှစ်စဉ်မေလဆိုရင် စာမေးပွဲတွေ ၀င်ရောက်ဖြေဆိုလို့ရတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ စာမေးပွဲနီးချိန် ရောက်ရင်တော့ Revision သင်တန်းတွေကို ကင်းဘရစ်တက္ကသိုလ်က တာဝန်ယူ သင်ကြားပို့ချပေးပါတယ်။

ဒီလိုနဲ့ ကင်းဘရစ်တက္ကသိုလ်က သင်ကြားပို့ချတဲ့ ကွန်စတီကျူးရှင်းနှင့် အုပ်ချုပ်ရေးဥပဒေ သင်တန်းကို သွားတက်မိစဉ်မှာ အာဏာပိုင်းခြားသတ်မှတ်မှု (Separation of Powers) အကြောင်းကို ပါမောက္ခတယောက်က သင်ကြားပို့ချပေးပါတယ်။ ဒီသဘောတရားရဲ့ အနှစ်ချုပ်လေးကတော့ ဒီလိုပါ။

လစ်ဘရယ်ဝါဒတွေးခေါ်ပညာရှင်တွေက အစိုးရဆိုတာကို လူ့အဖွဲ့အစည်းအတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရှိဖို့အတွက် အရေးအကြီးဆုံး အစုအဖွဲ့လို့ ရှုမြင်ထားပါတယ်။ ဒါပေမယ့် အစိုးရတွေဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းချောက်တဲ့ အာဏာရှင်အစိုးရတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလဲ တွက်ဆထားကြပါတယ်။ ဒါကြောင့် ကန့်သတ်အစိုးရ (limited government) ဆိုတဲ့ သဘောတရားကို ယုံကြည်ကြပါတယ်။ ဒီသဘောတရားအပေါ်မှာ အခြေခံပြီး အစိုးရရဲ့ အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers)၊ ထိန်းကျောင်းမှုနှင့် ချိန်ခွင်လျှာ (Checks and Balances)၊ နိုင်ငံတော်နဲ့ ပြည်သူအကြားက ဆက်နွယ်မှုများအား ဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (constitution) ရေးဆွဲအတည်ပြု ပြဌာန်းရေး စတဲ့ သဘောတရားတွေ ထပ်မံ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ တို့မှာ သိသာထင်ရှားသော အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်းတရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုမှာ ကျင့်သုံးနေကြပါတယ်။

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရပါတယ်။ တပ်မတော် ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက်ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု (accountability) ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးအာဏာကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေး အာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့ကလဲ တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

အာဏာပိုင်းခြားသတ်မှတ်မှုဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးပညာရပ်မှာလဲ အရေးကြီးတဲ့ သဘောတရား ဖြစ်တာကြောင့် ကျွန်မနဲ့ သိပ်ပြီး မစိမ်းလှပါဘူး။ ဒါပေမယ့် ပါမောက္ခရဲ့ လွယ်လွယ်ကူကူ မှတ်မိအောင်ဆိုပြီး သုံးနာရီတြိဂံပုံလေးနဲ့ သင်ကြားပို့ချပေးပုံလေးကတော့ အဆန်းတကြယ် စိတ်ဝင်စားစရာလေး ဖြစ်သွားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ကွန်စတီကျူးရှင်းစည်းမျဉ်းတရပ်ဖြစ်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှုဟာ မည်၍မည်မျှ အရေးကြီးကြောင်း၊ အာဏာသုံးရပ် ပိုင်းခြားသတ်မှတ်မှု ကို ရောထွေးရှုပ်ထွေးအောင် လုပ်လို့မရကြောင်းနဲ့ ရှုပ်ထွေးမှု ဖြစ်စေနိုင်တဲ့ မည်သို့သော အခြေအနေများကို ရှောင်ရှားသင့်ကြောင်း စတာတွေကို စနတ်ကျ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ တြိဂံပုံလေးကိုပြပြီး ပြောပြနေတာကြောင့် သင်ကြားမှုကို နာယူနေချိန်မှာပဲ ကျွန်မရဲ့ အတွေးလေးတွေကလဲ ခြောက်တန်းတုန်းက တြိဂံပုံပြင်လေးကို သတိသွားရနေမိခဲ့ပါတယ်။ သင်တန်းပို့ချပြီးလို့ မေးခွန်းတွေ မေးရချိန်မှာ ပါမောက္ခကို မေးခွန်းတခု မေးလိုက်မိပါတယ်။ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဍာန်လေး ပျက်သွားရင် ဘာဖြစ်နိုင်သလဲလို့ပါ။ ပါမောက္ခက တခုပဲ ပြောပါတယ်။ နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့တဲ့။

အဲဒီနေ့က ကင်းဘရစ်ကနေ လန်ဒန်ကို ပြန်သွားတဲ့ ရထားပေါ်မှာ

" သုံးနားညီ တြိဂံပုံ ဆွဲတဲ့အခါ မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက်ဆွဲနေရင် ပုံပျက်သွားမှာပေါ့"
" အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဍာန်လေး ပျက်သွားရင် နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့"

ဆိုတဲ့ စကားလုံးလေးတွေ ပြန်လည်တွေးမိရင်း၊ အတွေးနယ်ကျွံသွားခဲ့တာ ရထားပေါ် လူကုန်သွားမှပဲ လန်ဒန်ရောက်မှန်း သတိထားလိုက်မိပါတော့တယ်။ တြိဂံလေးတွေကလဲ တခါတရံမှာ လူတွေရဲ့ စိတ်ကို ဖမ်းစားတတ်တယ် ထင်ပါရဲ့။

ခင်မမမျိုး (၂၆၊ ၁၊ ၂၀၁၃)
4:16 PM Posted by Phophtaw 1

Saturday, January 26, 2013

အမျိုးသားလုံခြုံရေးနှင့် မြန်မာနိုင်ငံ (အပိုင်း - ၁)

(၂၀၁၂ ခုနှစ်၊ ဇွန်လထုတ် မြန်မာသစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြထားသော ဆောင်းပါး ဖြစ်ပါသည်)

နိဒါန်း

စစ်အေးတိုက်ပွဲလွန်ကာလရဲ့ အဆိုးဝါးဆုံးသွင်ပြင်လက္ခဏာတရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနဲ့ မဟာဗျူဟာများ ချမှတ်ရေးဆွဲမှုတွေကို စစ်အေးတိုက်ပွဲကာလမှာတုန်းကထက် ပိုပြီးခက်ခဲနက်နဲစေတဲ့ မရေရာမသေချာမှုများ (uncertainties) နဲ့ ရှုပ်ထွေးမှုများ (complexities) ရောပြွန်းနေသော လုံခြုံရေးဝန်းကျင် (security environment) ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရှင်များက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ နိုင်ငံများအကြားမှာ စစ်အင်အားသုံး ကျူးကျော်မှုတွေက လျော့နည်းသွားပေမယ့် လက်နက်အင်အားပြိုင်ဆိုင် တိုးချဲ့တပ်ဆင်မှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။ မြေပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ စစ်အင်အားပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မှီလက်နက်များ တိုးချဲ့တပ်ဆင်မှုတွေက နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေမှာ ထိပ်ဆုံးကနေ နေရာယူထားဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေဖြစ်တဲ့ အကြမ်းဖက်မှု (terrorism)၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု (illicit drug production and trade)၊ လူကုန်ကူးမှု (human trafficking) နဲ့ လက်နက်ကုန်ကူးမှု (arms trafficking) ပြဿနာတွေကလဲ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်လျက်ရှိပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု (political instability)၊ ပြည်တွင်းစစ် (civil wars)၊ လူဦးရေအဆမတန်တိုးပွားမှု၊ ဆင်းရဲနွမ်းပါးမှု (poverty reduction)၊ အဂတိလိုက်စားမှု (corruption) နဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး အားနည်းမှု (lack of good governance) စတဲ့ ပြဿနာတွေကလဲ တိုင်းပြည်အများစုရဲ့ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း (state and society) ကို တိုက်ရိုက် ခြိမ်းချောက်လျက်ရှိပါတယ်။

ဒီစာတမ်းမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခြိမ်းချောက်မှုများနဲ့ စိန်ခေါ်မှုများ (threats and challenges) များကို နိုင်ငံတကာ အမျိုးသားလုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်ချက်များမှာ အသုံးပြုလေ့ရှိတဲ့ hierarchical security approach နဲ့ လေ့လာသုံးသပ်ပြီး၊ ဒီလိုစိန်ခေါ်မှုများကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ့် မြန်မာ့အမျိုးသားလုံခြုံရေး မဟာဗျူဟာကို အကြံပြုရေးသားတင်ပြမှာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး (National Security) ဆိုရာဝယ်

John Schlesser ဆိုသူက အမျိုးသားလုံခြုံရေးဆိုတာ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဖြစ်တယ်လို့ သတ်မှတ် ပြောဆိုခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ သဘောတရားကို ကျဉ်းမြောင်းသော ရှုထောင့်နဲ့ ကျယ်ပြန့်သော ရှုထောင့်နှစ်မျိုးနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။ စစ်အေးတိုက်ပွဲကာလ တလျှောက်မှာ နိုင်ငံ တော်တော်များများဟာ ကျဉ်းမြောင်းသောရှုထောင့်ကို အသုံးပြုခဲ့ကြပြီး၊ စစ်အေးတိုက်ပွဲလွန်ကာလ မှာတော့ ကျယ်ပြန့်သော ရှုထောင့်ကို အသုံးများလာပါတယ်။

ကျဉ်းမြောင်းသော ရှုထောင့်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြည်တွင်း၊ ပြည်ပ ထိပါး ခြိမ်းချောက်ခံရခြင်းမှ ကင်းဝေးစေရန် စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ကာကွယ်ပေးခြင်းနဲ့ ဆက်စပ်ပါတယ်။ နိုင်ငံရေးပညာရှင် Edmonds ဆိုသူက အမျိုးသားလုံခြုံရေးကို ပြည်တွင်း (သို့မဟုတ်) ပြည်ပခြိမ်းချောက်မှုများကို ဖော်ထုတ်ခြင်း၊ သင့်လျော်သော လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးဆိုတာ coercion (ဥပမာ- The use of force) နဲ့ intrusion (ဥပမာ- The use of secret intelligence) ပါဝါများနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပြီး၊ ဒီလိုဆောင်ရွက်ရာမှာ အင်အားသုံးဖြေရှင်းမှုနဲ့ တခြား power instruments များကို မျှတအောင် ချိန်ဆဖို့ လိုအပ်ပါတယ်။
ကျယ်ပြန့်သောရှုထောင့်အရ အမျိုးသားလုံခြုံရေးကို အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ လုံခြုံရေးရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံသားခံယူခွင့် (citizenship)၊ စီးပွားရေးရာလုံခြုံရေး (economic security)၊ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ လူသားလုံခြုံရေး (human security) စတာတွေကိုပါ ထည့်သွင်းဖော်ပြကြပါတယ်။ Stephen Krasner က အမျိုးသားလုံခြုံရေး ဆိုရာမှာ မူလရည်မှန်းချက်ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး ကိစ္စတွေ တင်မကပဲ၊ စီးပွားရေးလုံခြုံရေး စတဲ့ တန်ဖိုးတွေပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနှေးကွေးနေတဲ့ နိုင်ငံတွေ မှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် ဖြစ်သင့် ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အချို့သော ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ တဦးချင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ လူသားလုံခြုံရေးတွေနဲ့ ဆက်စပ်တဲ့ မြေဆီလွှာခြောက်ခန်းမှု၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု၊ အိမ်နီးချင်း နိုင်ငံများမှ ရေကြီးမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ပညာရေးအဆင့်အတန်း၊ ကူးစက်ရောဂါများ စတာတွေကိုပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာများ ရေးဆွဲရာမှာ ထည့်သွင်း ဖော်ပြကြပါတယ်။

၂၁ ရာစုကာလ၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာများကို လေ့လာသူပညာရှင်များကတော့ နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေးမှာ ထည့်သွင်းစဉ်းစားရမယ့် ပဓာနကျသော အခြေခံ အချက်လေးချက် ရှိကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီအချက်လေးချက်ကတော့ အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင် ပြဌာန်းခွင့် (autonomy)၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး (Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။ အန္တရာယ်ကင်းရှင်းရေး ဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများ အနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင် တွေရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အော်တိုနော်မီဆိုရာမှာ နိုင်ငံတော်အစိုးရဟာ ပြည်ပ သြဇာလွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ်ဖြစ်ရပါမယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော် အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရား ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။ ဒီအချက် လေးချက်ကို ၂၁ ရာစု အမျိုးသားလုံခြုံရေးမဟာဗျူဟာများ ရေးဆွဲရာမှာ နိုင်ငံအများစုက ထည့်သွင်း စဉ်းစားလာကြပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာ

နိုင်ငံတကာစစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စွယ်စုံကျမ်းမှ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး မဟာဗျူဟာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေး ဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အာဏာ (state power) ယန္တရားများကို စနစ်တကျ ပေါင်းစပ်အသုံးပြုရန် ရေးဆွဲထားသော စီမံချက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ကိုင်စွဲထားကြပါတယ်။ အချို့ မဟာဗျူဟာများက implicit strategies များဖြစ်ပြီး၊ အချို့ကတော့ explicit strategies များ ဖြစ်ပါတယ်။

Implicit strategy ဆိုတာက အခြားနိုင်ငံများရဲ့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ ပတ်သက်ဆက်စပ်ပုံ (ဥပမာ- ခြိမ်းချောက်မှုများ၊ နိုင်ငံတော်ရည်မှန်းချက်များမှာ ၀င်ရောက်စွက်ဖက်မှုများ စသည်) ကို လေ့လာစောင့်ကြည့်ပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာများကို အခြေအနေ၊ အချိန်အခါနဲ့တပြေးညီ ချမှတ်ခြင်းဖြစ်ပါတယ်။ ဥပမာ- စစ်အေးတိုက်ပွဲကာလမှာတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ Implicit strategy ဟာ ၀ါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ deterrence ပေါ်မှာ ဗဟိုပြုထားပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲလွန်ကာလတွေမှာတော့ ဒီလိုဗဟိုပြုမှု နည်းပါးလာပါတယ်။ Explicit strategy ဆိုတာကတော့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီအောင် မည်သို့မည်ပုံ ကြိုးပမ်းသွားမယ်ဆိုတာကို အများသို့ အသိပေး ကြေငြာ ထားချက်များ ဖြစ်ပါတယ်။ အချို့အစိုးရများကတော့ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ချမှတ် ရေးဆွဲပြီးတဲ့အခါ အများပြည်သူနဲ့ နိုင်ငံတကာကို တရားဝင် အသိပေးကြေုငာ ထားတတ်ကြပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာများကို ယေဘုယျအားဖြင့် အမျိုးသားလုံခြုံရေးကောင်စီများက ရေးဆွဲလေ့ရှိကြပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီများကိုတော့ သက်ဆိုင်ရာနိုင်ငံများရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများနဲ့ အခြား အစိုးရအမိန့်ကြော်ငြာစာများအရ ဖွဲ့စည်းတည်ထောင်ထားကြပြီး၊ ပါဝင်လေ့ရှိတဲ့ အဖွဲ့ဝင်များကတော့ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတလက်ထောက် စတဲ့ ထိပ်တန်းနိုင်ငံ ခေါင်းဆောင်များ ဖြစ်ပါတယ်။ အကြံပေးအဖွဲ့ကိုတော့ အမျိုးသားထောက်လှမ်းရေးနှင့် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲများ၊ ပညာရှင်များနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပေါ် ပြဿနာများ (အခြားနိုင်ငံများမှ စစ်ကြေငြာခံရခြင်း၊ အရှိန်အဟုန်ကြီးသော ပြည်တွင်းစစ် ဖြစ်ပွားလာခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း) စတာတွေ ဖြစ်ပွားလာတဲ့အခါ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော်အဆင့် ကွပ်ကဲတာဝန်ပေးမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။

မဟာဗျူဟာရေးဆွဲရာမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ကို ကနဦး ရေးဆွဲပြီး၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy) နဲ့ အမျိုးသားစစ်ရေးမဟာဗျူဟာ (National Military Strategy) များကို ဆင့်ပွားရေးဆွဲကြပါတယ်။ အခြား sub-strategies များဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်နှိမ်နင်းရေးမဟာဗျူဟာ (National Strategy for Combating Terrorism) စသည်များကိုလဲ လိုအပ်ချက်နဲ့အညီ ထပ်မံရေးဆွဲလေ့ရှိကြပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာဟာ တိုင်းနိုင်ငံတခုအတွက် အရေးကြီးဆုံး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ချမှတ်ရာမှာ မှားယွင်းမှု တစုံတရာဖြစ်သွားခဲ့ရင် တိုင်းပြည်ရဲ့ စစ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး လုပ်ငန်းတာဝန်များအားလုံးကို သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ချက်များကို စဉ်ဆက်မပြတ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆန်းစစ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များကတော့
  • အစိုးရအဖွဲ့အတွင်းမှ မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ရေးဆွဲရန် တာဝန်ရှိသနည်း။ အစိုးရမဟုတ်သော မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ရေးဆွဲခြင်းတွင် ပါဝင်ပတ်သက်သနည်း။
  • ဥပဒေပြုအာဏာရှိသူများမှ အသိအမှတ်ပြုလက်ခံထားခြင်း ရှိပါသလား။
  • မဟာဗျူဟာမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်နေသော အချက်များကို ဖော်ပြထားခြင်း ရှိပါသလား။ မည်သည့်အတိုင်းအတာအထိ ဖော်ပြထားသနည်း။
  • မဟာဗျူဟာမှာ စစ်တပ်ဖွဲ့စည်းပုံများကို ရည်ညွှန်းထားချက် ရှိပါသလား။
  • မဟာဗျူဟာမှာ အင်အားသုံးဖြေရှင်းခြင်းဆိုင်ရာ မူဝါဒများ ပါရှိပါသလား။
  • မဟာဗျူဟာရေးဆွဲရာမှာ သင့်လျော်သော ရည်ညွန်းကိုးကား စာအုပ်စာတမ်းများကို အသုံးပြု ခဲ့ခြင်း ရှိပါသလား။
စတာတွေပဲ ဖြစ်ပါတယ်။

မြန်မာ့အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ

နိုင်ငံတနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှုများနဲ့ စိန်ခေါ်မှုများ (threats and challenges) များကို လေ့လာဆန်းစစ်ရာမှာ hierarchical security approach ကို အသုံးပြုလေ့ ရှိပါတယ်။ ဒီချဉ်းကပ်ဆန်းစစ်မှုမှာ tier သုံးခု ရှိပါတယ်။ ပထမ tier မှာ အင်အားကြီး နိုင်ငံများနဲ့ မဟာဗျူဟာ ဆက်ဆံရေး (strategic relations) မှာ ဆက်နွယ်တဲ့ လုံခြုံရေးရာ အချက်အလက်တွေ ပါဝင်ပြီး macro – level security threats လို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။ ဒုတိယ tier မှာတော့ ပြည်ပခြိမ်းချောက်မှု အန္တရာယ်များ (External security threats) နဲ့ ပြည်တွင်းခြိမ်းချောက်မှု အန္တရာယ်များ (Internal security threats) ပါဝင်ပြီး၊ traditional security threats တွေကို ရည်ညွှန်းပါတယ်။ တတိယ tier မှာတော့ နိုင်ငံရေးခြိမ်းချောက်မှုများ (political threats)၊ စီးပွားရေးခြိမ်းချောက်မှုများ (economic threats)၊ လူမှုရေး ခြိမ်းချောက်မှုများ (social threats)၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှုများ (Environmental security threats)၊ လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှုများ (Human security threats) စတာတွေ ပါဝင်ပြီး၊ non-traditional security threats လို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။

  1. Macro-level security threats

မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြုဖြေရှင်းမှု (The use of force) လုပ်ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်းခံရတဲ့ နိုင်ငံတနိုင်ငံလဲ ဖြစ်ပါတယ်။

(၂၁) ရာစုကာလတွေမှာ ၀ါရှင်တန်က ထုတ်ပြန်တဲ့ National Military Strategy တွေမှာ အာရှ-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုး ချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက်လေယာဉ်နဲ့ ရဟတ်ယာဉ်အ မြောက်အမြား ၀ယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကလဲ ရေငုပ်သင်္ဘောဝယ်ယူဖို့ စီမံချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက် တင်သွင်းမှုက ရာခိုင်နှုန်းတက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ် သင်္ဘောနှစ်စီး ထပ်ပြီးဝယ်ယူ အင်အားဖြည့်လာပါတယ်။ သြစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက် လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက်တင်သွင်းမှု ကိန်းဂဏန်းတွေကို ထပ်ဖြည့်လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံအထက်မှာရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင်သင်္ဘော သုံးစီးကို ၂၀၁၇ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီး တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက်တိုက်လေယာဉ်ဒီဇိုင်းကို ပုံစံတူယူထား တဲ့ J-20 stealth jet fighter ကို ဇန်န၀ါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး၊ ၃၃ ရာခိုင် နှုန်း ထပ်မံတိုးမြှင့်ဖို့ စီမံချက်ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက်ပစ္စည်းအများအပြား ၀ယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်းလေကြောင်းကုမ္ပဏီအပါအ၀င် လေကြောင်းကုမ္ပဏီ တွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံတော် အကြီးအကဲတွေနဲ့ နိုင်ငံရေးသမားတွေအတွက် မလွဲမသွေ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေ ဖြစ်လာပါတယ်။ ၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင် အင်အားတိုးချဲ့မှုတွေ ကြီးမားလာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်း ဒေသပဲဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အင်အား (economic power) ဟာ ရေနံတင်သွင်းမှုပေါ်မှာ မူတည်နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်းလိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိန္ဒိယ သမုဒ္ဒရာကို တည်မှီနေတာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အ၀င်အထွက် လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြားကနေ ဖြတ်သန်း ရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တရုတ်မဟာဗျူဟာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကြီးမားလှတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ မလကာ ရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာကို အိန္ဒိယနဲ့ အနောက်နိုင်ငံတွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင်စီမံလာခဲ့ကြပါတယ်။

တရုတ်နိုင်ငံ People’s Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက် ထိန်းချုပ်ထားနိုင်ရေးမှာ ပုလဲသွယ်မဟာဗျူဟာက အဓိကကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ် ကွေ့အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ် ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ်အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ၊ ဂျီဝါ ဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေနဲ့ ဆက်စပ်နေပါတယ်။

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်း တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းတောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှုတွေ ပြုလုပ်ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ နှစ်သုံးဆယ် ရေငုပ် သင်္ဘောတည်ဆောက်မှု စီမံကိန်းကို အကောင်အထည် ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှု စီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်း ပြင်ဆင်မှုတွေ ရှိနေပါတယ်။ စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာ ဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ်နေကြပါ တယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန်ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အ ကွာမှာ ရှိပြီး၊ India’s East Command အတွက် အချက်အချာအကျဆုံး နေရာ ဖြစ်ပါတယ်။ ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ သြဂုတ်လမှာ Qinghai- Tibet ရထားလမ်းကတဆင့် တရုတ်လေ တပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ်အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ်အခြေစိုက်စခန်းတခုကို ထပ်မံ တည်ဆောက်ထားခဲ့ပါတယ်။

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ- အနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီး ဆုံးဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစု တွေနဲ့ ရေမိုင်သုံးဆယ်အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ်ဆိုရင် အိန္ဒိယတပ်နဲ့ အနောက်အုပ်စုတပ်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို တရုတ်က မျက်ချေမပြတ် စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေနိုင်မှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့လဲ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ်စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင် မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိန္ဒိယသမုဒ္ဒရာတွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၆၊ ၀၅၊ ၂၀၁၂)

(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ အဘာဒင်းတက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့ များ ရရှိထားပြီး၊ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများ အထူးပြု နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ သင်တန်းသူ တဦးဖြစ်ပါသည်)

ရည်ညွန်းကိုးကား-

Barnett, Thomas P.M. (2004) The Pentagon’s New Map: War and Peace in the Twenty-First Century. New York: G.P. Putnam’s Sons

Chang, F. (2001) 'Chinese Energy and Asian Security; Orbis, 45 (2)

Campbell, KurtM., andMichael E. O’Hanlon. Hard Power: The New Politics of National Security, New York: Basic Books

Dreyer, J. T. (2007) 'China's Power and Will: The PRC's Military Strength and Grand Strategy', Orbis, Fall 2007

Drew, Dennis M., and Donald M. Snow (2006) Making Twenty-First-Century Strategy: An Introduction to Modern National Security Processes and Problems. Maxwell Air Force Base: Air University Press

Dibb, P. (1995) Towards a New Balance of Power in Asia, Adelphi Paper 295

Edmonds, M. (1971) “Armed Forces and the National Security System: The meaning and basics of compliance”, in ed. Holloway, D., European Military Institutions, USSG, Edinburgh

Erica-Irene, A. (1990) Freedom of the individual under Law: An analysis of Article 29 of the Universal Declaration of Human Rights, Human Rights Study Series No.3, UN publications

Karesner, S. (1983) “National security and Economics”, in Trout, T., Herf, J. (eds) National Security Affairs, New Brunswick: Transaction Books

International Military and Defense Encyclopedia (1993), pp. 2577-78. NY: Brassey’s (US)

Lei, D. (2008) 'China Multi-Faceted Maritime Strategy', Orbis, 53 (1)

Malik, J. (1997) 'Myanmar's Role in Regional Security: Pawn or Pivot', Contemporary Southeast Asia, 19 (1)

Muni, S. (2002) 'China's strategic engagement with the New ASEAN, an exploratory study of China's post-cold War Political, Strategic and Economic Relations with Myanmar, Laos, Cambodia and Vietnam, Institute of Defence and Strategic Studies, IDSS, Monograph, No. 2, Singapore

Roy, D. (1995) 'Assessing the Asia-Pacific Power Vacuum', Survival, 37 (3)

Shambaugh, D. (2005) 'The New Strategic Triangle: US and European Relations to China's Rise', Washington Quarterly, 28 (3)

Seekins, D. (1997) 'Burma- China Relations: Playing with Fire', Asian Survey, 37 (6)

Remark by John Schllesser, Quoted in Fitz-Gerald, A. (2007) Developing in a Comprehensive approach to national security, Chatham House Debate, 21 Feb 2007
12:47 PM Posted by Phophtaw 0

Facebook Fan Page