Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 22, 2013

လိုင်ဇာ အနီးမှ လက်နက်ကြီးမိုးများ ရွာသွန်းခြင်း



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၂၂ ၂၀၁၃

ယနေ့ နံနက် ၁ နာရီ နီးပါး အချိန်တွင် လိုင်ဇာမြို့ အနီးရှိ အလင်းဘွန် တောင်တန်းမှ တောင်ကုန်းများနှင့် ခါရာတောင်ကုန်း များကို လက်နက်ကြီး များဖြင့် ပြင်းထန်စွာ တိုက်ခိုက် ခဲ့သည်ဟု ခါရာတောင်ကုန်းရှိ KIA ရှေ့တန်း အရာရှိ တဦးက ဆိုပါသည်။ 

“ လက်နက်ကြီး တွေကတော့ ပွိုင့် (၇၇၁) ရယ်၊ ဖါန်ပြန်ဘွန်တောင်ရယ်၊ မန်တဲရယ်ပေါ့။ အဲဒီကနေပစ်တာ တလစပ်ကိုပစ် နေတာ။ မနားတမ်းချတယ်။ သူတို့ပစ်တာက အဓိက ကတော့ ခါရာတောင် တကျောလုံးကို ပစ်နေတာပါ။  ကျနော်တို့က လည်းခါတိုင်းလို မရတော့ဘူးလေ။ မဆုတ်တမ်းခံချတယ်။ တက်လို့ကိုမရဘူး။” ဟု ဆိုပါသည်။ 

လက်နက်ကြီး ပစ်ခတ်မှုသည် စက္ကန့် မခြား ပစ်နေသည်ဟု ထင်ရပြီး စက်အမြောက်များဖြင့် ပစ်ခတ်နေဖွယ်ရှိပါသည်။ တချိန် ထဲတပ်မ (၆၆) မှ အစိုးရ မြေပြင် တပ်များသည်၊ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်နေချိန် ခါရာတောင်တန်းအောက် ခြေကို ချဉ်းကပ်ခဲ့သည်ဟု ဆိုပါသည်။ ခါရာတောင်ကုန်းကို ပြီးခဲ့သည့် (၂)ရက်ကတည်းက လက်နက်ကြီး များဖြင့် အဆက် မပြတ် ပစ်ချေထားပြီးဖြစ်ပါသည်။ 

ထို့အပြင်ရှဒန်ပါမှ လက်နက်ကြီးများလည်း ခါရာတောင်ကုန်းကို မနားတမ်း ပစ်ခတ်ခဲ့ပါသည်။ မြေကြီးများ တုန်ခါပြီး မိုးခြိမ်း သံများ တညံညံ ပစ်နေသလို ခါရာတောင်ကုန်းမှ ခံစားနေရသည်ဟု KIA တပ်ဖွဲ့များက ဆိုပါသည်။ သို့သော် အမိန့်မနာခံသ ဖြင့်စိတ်ကြွဆေး ကျွေးပြီးမှ စစ်ဆင်နေရသော အစိုးရ မြေပြင် တပ်ဖွဲ့များသည် ခါရာတောင်ကုန်းကို နေ့ရော ညပါကြိုးစားပြီး တိုက်ခိုက် နေသော်လည်း ယနေ့ညနေ (၅) နာရီ အချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု KIA ဖက်က ဆိုပါသည်။
အလားတူ လာဂတ်တောင် စစ်ဆင်ရေးလည်း အစိုးရ တပ်များမှ အကျအဆုံး များစွာဖြင့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရသည် ဟုဆိုပါသည်။

တပ်မ (၁၀၁) တပ်များ ထိခိုက်ကျဆုံးမှု များပြားသဖြင့် အစိုးရသည် အရှက်ရနေကာ နောက်ထပ်စစ်ကူများ ထပ်မံပို့ပေးနေ သည်ဟု KIA ကဆိုပါသည်။ တပ်မ(၆၆)နှင့် ကယားပြည်နယ်မှ တပ်ဖွဲ့များ လဂျားယန် ဖက်ကို ရောက်ရှိနေခြင်း ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်သည် လဂျားယန်မှ လိုင်ဇာ စစ်ဆင်ရေးကို ရပ်တန့် ထားမည်ဟု ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၉) ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ဇန္နာဝါရီလ (၂၂)ရက်နေ့ ည (၆) နာရီအထိ မည်သည့် စစ်မျက်နှာမှ အပစ်အခတ် ရပ် စဲခြင်းမရှိဘဲ ဆက်လက် စစ်ဆင်နေပါသည်။ 

အစိုးရသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်သဖြင့် ဆက်လက် စစ်ဆင်နေရဖွယ် ရှိပါသည်။ လိုင်ဇာစစ်ဆင်ရေး ရပ်စဲသွားရန် တရုတ်ပြည်မှ ကိုယ်စားလှယ် လွှတ်ပြီး တောင်းဆိုသော်လည်း မရပ်ပါ။ ထို့အတူ အမေရိကန်၊ ဗြိတိန်နှင့် UN ကလည်း တောင်းဆိုထားပါသည်။ 

သမ္မတ ဦးသိန်းစိန်သည်၊ ကချင် တပ်ဖွဲ့အား တလအတွင်း ချေမှုန်းနိုင်သည်ဟု ပြီးခဲ့သည့် (၂၀၁၁)ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသော အာဆီယံ အစည်းဝေးကို တက်ရောက်စဉ် ပြောကြားခဲ့ဘူးပါသည်။ သို့သော် KIO ကို နှစ်နှစ်နီးပါး စစ်ဆင် လာခဲ့သော်လည်း ယနေ့အထိ အောင်မြင်ခြင်းမရှိသည့် အရှက်ဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ဖွယ်ရှိပါသည်။

တပ်မတော်သည် သမ္မတ၏ အမိန့်ကို မနာခံဟု၊ တနည်းအားဖြင့် သမ္မတနှင့် တပ်မတော် သဘောကွဲနေကြောင်း စသည့် ကောလဟာလ သတင်းများ ထုတ်ပြန်ပြီး စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွှဲနေခဲ့သည်မှာ ကြာပြီးဖြစ်ပါသည်။ သို့သော် ယနေ့အထိ စစ်ဆင်ရေး မအောင်မြင်သဖြင့် အလိမ်ဇတ်များ ပေါ်လာနေပါသည်။ 

အစိုးရ၏ (၂၀၀၈) အခြေခံ ဥပဒေ အောင်မြင်ရေး၊ တိုင်းရင်းသား တပ်ဖွဲ့များ ချိုးနှိမ်ထားရေး အစိစဉ်သည် စစ်အာဏာရှင် များရှိနေသရွေ့ ပြောင်းလဲ သွားမည် မဟုတ်ဘဲ သမ္မတနှင့် တပ်မတော် ဦးစီးချုပ်တို့သည် နည်းပရိယာယ် အသွယ်သွယ်ဖြင့်  ဆက်လက် ချေမှုန်း သွားမည်ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။

0 comments:

Facebook Fan Page