ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 22, 2013

ဖါးကန့်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့



အဲာပိုန် ဇန်န၀ါရီလ ၂၂ ၂၀၁၃

ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ကံစီ ဒေသ၌ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့ တို့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု တပ်ရင်း (၆) တပ်ရင်းမှုး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။ 

“ဒီနေ့ ကံစီဘက်မှာ ကျနော်တို့ တပ်ရင်း (၆)၊ တပ်ခွဲ (၃) တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နာရီ ဝက်လောက်ဖြစ်ပြီး နှစ်ဖက်စလုံး ပြန်ခွာလိုက်ကြတယ်။ ကျနော်တို့လဲ တက်သွားတယ်၊ သူတို့ဖက်ကလဲ တက်လာတယ် တည့်တည့် တိုးတော့ ပစ်ခတ်မှုတွေ ဖြစ်သွားတာပါ။ ထိခိုက်မှုတော့ ရှိဟန်မတူပါဘူး” ဟု ဆိုပါသည်။ 

ဖားကန့်မြို့နယ်ရှိ ကံစီ ( ဆန်ခါ) တပ်စခန်းသည် KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) ၏ တပ်ခွဲ (၃) တပ်စခန်း ဖြစ်ပါသည်။ ဤစခန်းကို အစိုးရဘက်မှ အပစ်ရပ် ထားမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်သည့် ရက်ပင် ည ၂၂ နာရီအချိန်တွင် တိုက်ခိုက် သိမ်းပိုက် လိုက်ပါသည်။ ဤတိုက်ပွဲသည် အစိုးရ၏ တလကျော်ကြာ စစ်ဆင်မှု ရပ်ထားရာကနေ ထပ်မံစစ်ဆင် တိုက်ခိုက် လာခြင်း ဖြစ်သည်ဟုဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် စခန်းကို အလွယ်တကူ သိမ်းဆည်း ရရှိခဲ့ခြင်းဖြစ်သောကြောင့် စခန်း၌ တပ်စွဲခြင်း မရှိဘဲ အနီးရှိ ရွာများမှာပင် တပ်စွဲ ထားပါသည်။ စခန်းကိုမကြာမကြာ တက်ရောက် ရှင်းလင်းနေခြင်းကြောင့် ယခုကဲ့သို့ ရင်ဆိုင်တိုက်ပွဲ ဖြစ် ခဲ့ရသည်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် KIA တပ်ရင်း (၆) တပ်စခန်း အနီတဝိုက်ကို ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၅) ရက်နေ့၌ တပ်အင်အား (၃) တပ်ရင်းဖြင့် လာရောက် စစ်ဆင် ခဲ့ပါသည်။ ဤစစ်ဆင်ရေးကြောင့် ပတ်ဝန်းကျင်ရှိ ကချင်ကျေးရွာများသည် နေရပ်စွန့် ခွာကြ သဖြင့် ဒုက္ခသည် (၄၀၀၀၀) အထိ မြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ 

“အစိုးရ တပ်ဖွဲ့ဘက်က ရည်ရွက်ချက် ဘယ်လိုရှိတယ် ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့နဲ့ ၂ ဖာလုံ အကွာ အဝေးမှာ နေရာယူထားတယ်။ ၇ ရက်ရှိသွားပြီး။ အဲတာကြောင့် ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘဲ။ ဖားကန့်၊ လုံ ခင်းနဲ့ ဆိုင်းတောင်ဖက်မှာ ဒုက္ခသည်အဖြစ် သွားရောက် ခိုးလှုံတာ (၄၀၀၀၀) လောက် ရှိသွားပြီးလို့ သိရပါတယ်။” ဟု KIA တပ်ရင်းမှုးက ဆိုပါသည်။  


အစိုးရ တပ်ဖွဲ့တို့သည် KIA ၏ တပ်ရင်း (၆) စခန်းဖြစ်သော ကံစီ၊ ဆိုင်းရာ စခန်းကို စစ်ကြောင်း ၂ ကြောင်းဖြင့် (၁၅) ရက်နေ့ ကတည်းက တိုက်ခိုက် နေသော်လည်း အောင်မြင်မှုမရရှိပေ။ ဤသို့ကြောင့် ဇန္နာဝါရီလ (၁၆) ရက်နေ့တွင် မော်ဝမ်းကျေး ရွာရှိ နှစ်ခြင်း ခရစ်ယန် အသင်းတော်၏ ဆုတောင်းပြည့် ဘုရားရှိခိုး ကျောင်းဆောင်ကို ဖားကန့်မြို့ ဗျူဟာကုန်းမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့သည်ဟု KIA ကဆိုပါသည်။ 

ဖားကန့်မြို့ လက်နက်ကြီး ဗျူဟာကုန်းသည် KIA တပ်ဖွဲ့များ ရှိနိုင်သည့် နေရာများကို ခန့်မှန်းပြီး မကြာမကြာပစ်ခတ်နေ ပါ သည်။ KIA သည်လည်း မိမိတို့၏ တပ်ရင်း နေရာဟောင်းမှာ လုံခြုံရေး မရှိတော့သဖြင့် စခန်းကို ဖေါ့ထားပြီး နေရာသစ်ရှာ ထားပြီးဖြစ်သဖြင့် တိုက်ခိုက်ချေမှုန်း တည်နေရာ ပျောက်နေပါသည်။ ဤသို့ကြောင့် စခန်း အတည်မရှိသော KIA တပ်ရင်း (၆) တပ်ဖွဲ့အား တိုက်ခိုက်ရန် အစိုးရတပ်များ အခက်ကြုံနေဖွယ် ရှိပါသည်။ 

KIA လိုင်ဇာ ဌာနချုပ်နှင့် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများသည် ပစ်မှတ်သေ ဖြစ်နေသဖြင့် အစိုးရတပ်များ၊ အမြောက်များ၊ လေယာဉ်များက ချေမှုန်းရ လွယ်ကူခဲ့ပါသည်။ KIA တပ်ရင်း (၆) သည် ဤကဲ့သို့ ပစ်မှတ်အသေ မထားသဖြင့် မည်သည့်နေရာကို တိုက်ရမှန်းမသိ ဖြစ်နေပါသည်။

0 comments:

Facebook Fan Page