Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 15, 2013

အစိုးရ၏ KIA စစ်ဆင်ရေး အပေါ် UWSA ဝေဖန်





ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၅ ၂၀၁၃


အစိုးရသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ဆက်လက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါက တနိုင်ငံလုံး ပြည်တွင်း စစ်ပြန်လည်ဖြစ်ပွားရန် ဦးတည်နေသည်ဟု၊ မြောက်ပိုင်းရှိ (၃) ပါတီ သဘောထား တရပ် ထုတ်ပြန်ခဲ့ကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP ပြောခွင့်ရသူ ဗိုလ်မှူးဆိုင်လက ယနေ့ ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

“ကချင်ကို လေယာဉ်နဲ့ တိုက်နေတယ်ဆိုတော့ ကျနော်တို့က ယူထားတဲ့ ပစ်ခတ်ရပ်စဲရေး အပေါ် ပြန်လည် သုံးသပ်ရတယ် ခင်ဗျ။ ဒီလိုမျိုး တိုးမြှင့်ပြီး ဆက်တိုက် နေမယ်ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၆၀ ကလိုမျိုး တနိုင်ငံလုံး ပြည်တွင်းစစ် ပြန်ဖြစ်လာနိုင် တယ်လို့ ကျနော်တို့က မြင်ထားပါတယ်။” ဟု ဆိုပါသည်။ 

ဤကဲ့သို့ KIA အပေါ် တဆင့်တိုး တိုက်ခိုက်လာသည့် အပေါ် ရှမ်းပြည်နယ် အထူးဒေသ (၃) တွင် ရှိသော ရှမ်းပြည် တိုးတက် ရေးပါတီ၊ ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၂) ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရ နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မှ မိုင်းလား အဖွဲ့ တို့ (၃) အဖွဲ့ ပူးပေါင်းကာ ဇန်နာဝါရီလ (၁၀) ရက်နေ့တွင် သဘောထား ထုတ်ပြန်ချက် တရပ် ထုတ်ပြန်လိုက် ပါသည်။ 


                                                    ရှမ်းပြည်တောင်ပိုင်းရှိ UWSA စခန်းတနေရာ 
 
ယင်းထုတ်ပြန်ချက်ကို ဝ ပြည်နယ် ပြည်သူ့ အစိုးရ အဖွဲ့က ဦးဆောင်ပြီး ထုတ်ပြန် လိုက်ခြင်းဖြစ်ပါသည်။ ယင်းထုတ်ပြန်ချက် ထဲတွင် မြန်မာ အစိုးရသည် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသည့် ကိစ္စမှန်သမျှ အပေါ် အပြစ် ကင်းရှင်းကြောင်း ရှောင်ဖယ်နေ၍ မရပါဟု ယူဆပါကြောင်း ဖော်ပြထားပါသည်။ 

ထို့အပြင် ယနေ့ လက်ရှိ ဖြစ်ပွားနေသော ကချင်ပြည်နယ် စစ်ပွဲကိစ္စကိုလည်း ရပ်တန့်ပေးပြီး ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်း သွားကြရန် အစိုးရကို ပြန်ကြား ထားပါသည်။ 

အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည်လည်း ကချင်ပြည်နယ် စစ်ပွဲကို ချက်ချင်း ရပ်စဲပြီး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွားရန် အစိုးရအား ပြင်းထန်စွာ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။ 

ဗြိတိသျှ ပါလီမန်မှလည်း ဤစစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းရန် ဇန်နာဝါရီလ (၁၄) ရက်နေ့တွင် တိုက်တွန်းထားပါသည်။ ယင်း စစ်ပွဲသည် မြန်မာပြည်အပေါ် ပိတ်ဆို့မှု ဆိုင်းငံထားခြင်းကို ပြန်သုံးသပ်ရာ တိုက်ရိုက် ပတ်သက်နေကြောင်း သတိပေး ထားပါသည်။ 

ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြရန် အမေရိကန် ပြည်ထောင်စု အစိုးရကလည်း ယမာန် နေ့က တိုက်တွန်း ထားသည့်အပြင် သိန်းနှင့်ချီ ရှိနေသော အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီများ ပေးခွင့်ပြုရန် မြန်မာအစိုးရကို တိုက်တွန်းထားပါသည်။ 

ဝ ပြည်နယ် ပြည်သူ့ အစိုးရ(UWSA)နှင့် အထူးဒေသ (၄)ရှိ မိုင်းလား အဖွဲ့တို့သည် အစိုးရ အပေါ် ဝေဖန်ထောက်ပြမှု မရှိခဲ့ရာမှ ပန်ကြားချက်များ ထွက်ပေါ်လာခြင်းသည် အစိုးရလုပ်ရပ်အား ကန့်ကွက်ရာ ရောက်သည်ဟု အကဲခတ်များက ဆိုပါသည်။  

0 comments:

Facebook Fan Page