Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, March 4, 2013

ဖါးကန့်ပြည်သူများ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရဆဲ




အဲာပိုန် မတ်လ (၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံစီ ဒေသတွင်းရှိ ဒေသခံ ကျေးရွာများ၏ ပိုင်ဆိုင်သော ပစ္စည်းအား အဓမ္မ သိမ်းပိုက်ပြီး မတန်တဆ ပြန်ရောင်းစား နေကြကြောင်း ပစ္စည်း အသိမ်းခံရသော ကံစီ ဒေသခံ တစ်ဦးက ပြောပါသည်။ 

“အစိုးရ တပ်ဖွဲ့တွေပေါ့ သူတို့က ဒီဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုမှာ ရှိတဲ့ မောရှမ်း၊ ကံစီ၊ မိုဇာကြီး ကျေးရွာတွေကို ကျေးရွာ လုံခြုံရေး ယူပေးမယ် ဆိုပြီးတော့ ညပိုင်းမှာ ကင်းစောင့်ပေးတယ် နေ့ခင်းပိုင်းဆိုရင် ရွာထဲမှာရှိတဲ့ အကောင်းစား အိမ်သုံး ပစ္စည်းတွေ လိုက်သိမ်းတယ်ပြီးတော့ တခြား တနေရာကို ကားနဲ့ သယ်တယ်။ ပြီးတော့ အဲဒီ ပစ္စည်းတွေကို ရောင်း စား လိုက်ကြတယ်။  သူတို့က စိတ်ထင်တိုင်း ကျဲနေတော့ ရွာသားတွေက ဘာမှ မပြောရဲကြဘူး။  ရွာထဲက ပြန်ရောင်စား လို့ရတဲ့ ပစ္စည်း မှန်သမျှ အားလုံးကို သယ်သွားခဲ့ကြတယ်လို့” ဆိုပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန္နာဝါရီလ (၂၃) ရက်နေ့တွင်လည်း ယင်းအစိုးရ စစ်တပ်များသည် ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာ အုပ်စုရှိ ဒေသခံ များ၏ နေအိမ်များအား ဖျက်ဆီး၍ ရွှေ၊ ငွေ၊ ကျောက်စိမ်းများအား လုယူခဲ့ကြရာ မခံမရပ်နိုင်ကြသော ဒေ သခံ တချို့က ပြန်လှန်ငြင်းဆိုမှုများ ဖြစ်ရာက သတ်ဖြတ်မှုများ ဖြစ်ဲ့ကြသည်ဟု မျက်မြင် ရွာသားများက ဆိုပါသည်။
 
စကခ (၇) ၏ ဖေဖေါ်ဝါရီလ စစ်ဆင်ရေး အတွင်း လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာသားများ အယောက် (၄၀)ခန့် သတ်ဖြတ် ခံခဲ့ရကြောင်း KIA ဖက်မှ ဆိုပါသည်။  အထူးသဖြင့် ဗိုလ်မှူး စိုင်းခမ်းလိတ်ဝင်း ဦးစီးသော ခမရ ၄၃၇ တပ်ဖွဲ့မှ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ ထို့ပြင် မသင်ကာမှုကို အကြောင်းပြုပြီး ကျေးရွာ လူထုများကို တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေခြင်း၊ စခန်းကုန်းသို့ ဖမ်းဆီးထားပြီး အချိန်ကြာမြင့်စွာ ချုပ်နှောင်မှုကို ခံခဲ့ရပါသည်။ 

ထိုဒေသ၌ လှုပ်ရှားနေသော အစိုးရ တပ်များမှာ ကယားပြည်နယ်၊ ဖယ်ခုံ အခြေစိုက် အမှတ်(၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၄၂၄၊ ခမရ ၄၂၅၊ ခမရ ၃၃၆၊ ခမရ ၄၂၇ နှင့် ခလရ ၁၀၂ တပ်ရင်းတို့ လှုပ်ရှားလျှက် ရှိ ကြောင်း ကံစီဒေသမှ KIA တပ်ရင်း (၆) မှုး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောပါသည်။ 


အဆိုပါ စကခ (၇) တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၃) ရက်နေ့ ကံစီ ဒေသဖြစ်သော KIA တပ်မဟာ (၁)၊ တပ်ရင်း (၆) ကံစီ စခန်းများကို စစ်အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၃) ကြောင်း ခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤသို့ကြောင့် ဇန္နာဝါရီလ (၁၈) ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် တို့သည် ထိုကံစီ စခန်းမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ သတင်းစာ များကမူ ဖားကန့်မြို့နယ် အတွင်း  ရွာသား နေအိမ်များကို KIA တပ်ဖွဲ့မှ လုယက် မီးရှို့ ဖျက်ဆီး နေမှုများ ပြု လုပ်ခဲ့သည်ဟု ရေးသား ခဲ့ပါသည်။ ဤကဲ့သို့ အစိုးရ သတင်းစာမှ ထုတ်ပြန် ခဲ့သဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက အဆိုပါ လုပ်ရပ်သည် KIA တပ်ဖွဲ့များ မဟုတဘဲ အစိုးရ တပ်များကသာ လုပ်ဆောင်ခြင်း ဖြစ်သည် ဟ ဇန္နာဝါရီလ (၂၄) ရက်နေ့၌ ပြောကြား ခဲ့ပါသည်။

ဖားကန့်မြို့နယ်မှာ KIA တွေက ရှောင်ပေးထားတယ်။ အစိုးရ စစ်တပ်တွေက နေရာ ယူထားတယ်။ သော့ခတ်ထားတဲ့ အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူတယ်။ ရွှေတွေ ယူတယ်။ ဖားကန့် တမြို့လုံး လိုလို လုပ်နေတယ်။ တချို့အိမ် ဆိုရင် မီးရှို့ခဲ့တယ်။ ကုမ္ပဏီ တချို့မှာ ဆိုရင်လည်း ကျောက်စိမ်းတွေ သူတို့ လိုချင်တာတွေ ယူပြီး မီးရှို့ထားတာတွေ ရှိတယ်။ အဲဒါက စစ်တပ်က လုပ်တာပါ။ အဲဒါက KIA က ရှို့ပါတယ် ဆိုပြီး သတင်းစာတွေမှာ ပါတာ တွေ့ရလို့ဟု ပြောပါသည်။

စကခ (၇) လှုပ်ရှားခဲ့သည့် ဇန္နာဝါရီလယ်မှ စပြီး ကံစီ၊ လုံခင်းရှိ ဒေသခံ များသည် ကျောက်စိမ်း မှော်တွင်းမှ မောင်းထုတ် ခံရခြင်း၊ ကျောက်စိမ်း အပါဝင် အခြား ပစ္စည်းများ၊ အသိမ်းခံရခြင်း၊ မသင်ကာမှုကြောင့် အသတ်ခံရခြင်း၊ ကျေးရွာ တွင်းသို့ လက်နက်ကြီးများ ပစ်သွင်းပြီး မောင်းထုတ် ခံရခြင်း၊ ရှောင်တိမ်း နေရခြင်းကြောင့် ရိက္ခာ ပြတ်လတ်ခြင်း၊ ကယ်ဆယ်ရေးများ ၀င်ခွင့် ပိတ်ပင်ခြင်းများ ခံခဲ့ပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် KIA နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် တရုတ် အစိုးရ၏ ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် စစ်ပွဲပြေငြိမ်းချမ်းရေး သဘော တူခဲ့ပါသည်။ သို့သော် အစိုးရ တပ်များသည် သဘောတူ ထားသည့် အတိုင်း မဟုတ်ဘဲ KIA အား ယခု အချိန်ထိ စစ်ဆင်နေဆဲဖြစ်ကြောင်း KIA ဖက်မှ ဆိုနေပါသည်။



0 comments:

Facebook Fan Page