Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, March 12, 2013

KIA နှင့် အစိုးရတို့၏ သဘောတူညီချက် တိုးတက်ဖွယ်ရှိ

KIA နှင့် အစိုးရတို့၏ သဘောတူညီချက် တိုးတက်ဖွယ်ရှိ

ရွှေဟင်္သာသတင်းဌာန၊ မတ်လ ၁၂ ရက်နေ့



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရအဖွဲ့တို့သည် တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယမာန် နေ့နံနက် ဒေသစံတော်ချိန် ၉နာရီခွဲမှ နောက်နေ့ မနက် တနာရီထိ ဆွေးနွေးခဲ့ကြသည်ဟု KIA အရာရှိတဦက ပြောပါ သည်။
“ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ တချို့ကျတော့ ဗဟိုခေါင်းဆောင်တွေနဲ့ အပြန်အလှန် တင်ပြရ တယ်လေ။

ဒီတော့ နေ့လည်စာထမင်းစားပြီးတဲ့အချိန်၊ အနားယူချိန်ကနေစပြီး အချိန်ယူလိုက်တာ ည (၉)နာရီ လောက်မှ အစည်းအဝေးပြန်စကြရတယ်လေ။ ကျနော်တို့က (၂)ရက်လောက်ဆွေးနွေးမယ်လို့ ရာထားပါတယ်၊ ဒါပေမဲ့ အစိုးရဖက်ကတော့ တရက်ထဲအပြီး လုပ်မယ်ဆိုပြီး သဘောထားတော့ အချိန်နောက်ကျပြီးမှ ပြီးတာပေါ့” ဟုဆိုပါသည်။

ယင်းဆွေးနွေးပွဲတွင် ဦးစွန်လွတ်ဂံဦးဆောင်သည့် KIO ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ ဦးနှင့် ပြည်ထောင်စု လုံခြုံရေးဝန် ကြီးဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် (၁၉)ဦး တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ KIO/KIA ဖက်မှ ပါသည့် ကိုယ်စားလှယ်များမှာ KIA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး ဆလန်ကဘာ ခွန်နောင်၊ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါ၊ နှင့် ဦးနော်ထွဲ တို့ ဖြစ်ကြပါသည်။

အစိုးရဖက်မှ ကိုယ်စားလှယ်များထဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း နှင့်အတူ ကာကွယ်ရေး ၀န်ကြီးဌာနမှ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့် စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န် ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့ ပါဝင်သည်။

လေ့လာသူများအဖြစ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ( UNFC) ခေါင်းဆောင်များမှာ ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုဒေးဗစ်သာကပေါ၊ မွန်ပြည်သစ်ပါတီ (MNSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုဝ်အမျိုး သားလွတ် မြောက် ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဦးခူဦးရယ်၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့် ဗိုလ်မှူး ဘထွန်း၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် ဗိုလ်မှူး စိုင်းဦး၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ရှမ်းပြည်နယ် အရှေ့ပိုင်း) (NDAA/ESS) မှ ဦးအိုက်ရှားလနှင့် ဦးခမ်းမောင်တို့ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် KIA နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို တာဝန်ယူစီစဉ်ခဲ့ပေးပါသည်။ ၄င်းတို့၏ လေ့လာရေးကိုယ်စားလှယ်များမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA ကို ဖိတ်ကြားထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် မတက်ရောက်ခဲ့ပေ။ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယစစ်ဦး စီး ချုပ် ကျောက်ကျုံးတန်းနှင့် အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု ဆို သော်လည်း တရုတ်အစိုးရမှ ပြည်ဝင်ခွင့်မပေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး တက်ရောက်နိုင်ခဲ့ခြင်း မရှိဟုသတင်းများ ကဆိုပါသည်။

ဆွေးနွေးပွဲပြီးနောက် KIA နှင့် အစိုးရကိုယ်စားလှယ်များသည် အချက်(၄)ချက်ပါသော ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။

အထူးသဖြင့် စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်သော ဒေသများတွင် အနီးကပ်ကြီးကြပ်ရန် ကွပ်ကဲရေးရုံး များထားရှိသွားပြီး လာမည့် အေပြီလ (၁၀)ရက်နေ့မတိုင်မှီ ထပ်တွေ့ဆုံရန် သဘောတူထားပါသည်။ ထို့အပြင် စစ်မှန် သော နိုင်ငံရေးဆွေးနွေးမှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့်ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

ဤကဲ့သို့ မတ်လ (၁၁)ရက်နေ့ ဆွေးနွေးပွဲမတိုင်မှီ မတ်လ (၁၀)ရက်နေ့ မနက်(၈)နာရီခန့်တွင် အစိုးရစစ်ကားအစီး (၁၀၀) ခန့်သည် ကချင်ပြည်နယ် မြစ်ကြီးနားအရှေ့ဘက်ခြမ်း ၀ိုင်းမော်မြို့မှ ၀ါးရှောင်ထွက်ခွာသွားခဲ့ကြောင်း KIA တပ် မှူးတဦးကဆိုပါသည်။

အထူးသဖြင့် ဤကားတန်းသည် KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) ဆဒုံဒေသနှင့် တပ်မဟာ (၁) လက်အောက်ခံ ချီဖွေဒေသဘက်သို့ ဦးတည်သွားခြင်းဖြစ်ကြောင်း၊ ဤစစ်ကားများပေါ်တွင် ရိက္ခာ၊ စစ်လက်နက် ခဲ့ယမ်းနှင့် တိုက်ခိုက်ရေးတပ်ဖွဲ့များပါရှိကြောင်း ဆိုပါသည်။

အစိုးရကိုယ်စားလှယ်များသည်ဆွေးနွေးပွဲကိုတရက်တည်း ပြီးဆုံးရန်ရည်ရွယ်ခဲ့ပါသည်။ အကြောင်းမှာ၎င်းတို့၏ သမ္မ တသည် ဥရောပခရီးစဉ်၌ ရှိနေဆဲဖြစ်သဖြင့် ရလာဒ်ကိုဥရောပအကြီးအကဲများအား ထုတ်ဖေါ် ပြောကြားလိုခြင်းဖြစ် ဖွယ်ရှိနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ပါသည်။

ထို့အပြင် KIA နှင့် အစိုးရတို့၏ ဆွေးနွေးပွဲသည် အစိုးရဖက်မှ တချက်တည်းလိုလားနေသည့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကိစ္စသာ ဆွေးနွေးစရာရှိသည့်အတွက် တရက်ထဲကျင်းပရန်ဖြစ်ခဲ့ကြောင်း ဆိုပါသည်။

လက်ရှိဆွေး နွေးပွဲ၏ရလာဒ်သည်လည်း အပစ်အခတ်ရပ်စဲရေးကိုသာ ဦးစွာဖြေရှင်းရန် အခြေခံထားခြင်းဖြစ်ပြီး တချိန်ထဲတွင် နိုင်ငံ ရေးဆွေးနွေးပွဲကို အဆင့်ဆင့်ဆက်ဆွေးနွေးရန် KIA က သဘောတူခဲ့သည့်အတွက် အစိုးရဖက်မှ ကြေနပ်မှု ရခဲ့သည် ဟုဆိုရမည်ဖြစ်ပါသည်။

0 comments:

Facebook Fan Page