Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, March 19, 2013

ပအိုဝ့် PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ




အဲာပိုန်၊ မတ်လ (၁၈) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

လာမည့် မတ်လ (၂၂) ရက်နေ့တွင် ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ သည် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးရန် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ ပြုလုပ်ရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်းဥက္ကာက ဆိုပါသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုပါသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်း နှစ်ဖက်စလုံးက ဆိုပါသည်။ သို့သော်၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ပအိုဝ့် PNLO အဖွဲ့တို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြခဲ့သည့် ချက် (၆) ချက်ကို ဆက်လက် ဆွေးနွေး သွားဖွယ် ရှိနေ သည်ဟု PNLO ဖက်က ဆိုပါသည်။

ပအိုဝ့် PNLO တင်ပြခဲ့သည့် အချက် ၆ ချက်သည် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့် လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်ပါသည်။

ပအိုဝ့် PNLOနှင့် အစိုးရ ငြိမ်းအဖွဲ့တို့သည် အလွတ်သဘောအရ ထိုင်းနိုင်ငံတွင် (၃) ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ ယင်း သို့တွေ့ဆုံရာတွင် PNLO သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်သော တွေ့ ဆုံပွဲမျိုး ပြုလုပ်ပေးရန် အပါအဝင် စုစုပေါင်း အချက် ၁၁ ချက်ကို တောင်ဆို ခဲ့ပါသည်။ 

လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းတို့ ဖက်ကမူ အဆင့် (၃) ဆင့်ပါသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပြန်လည် ရှင်းပြ ပေးခဲ့ပါသည်။ ၄င်းတို့ လုပ်ငန်းစဉ်များမှာ အပစ်အခတ် ရပ်စဲရေးသည် ပထမ၊ ဖွံဖြိုးရေးနှင့် နိုင်ငံရေး လုပ်ငန်းသည် ဒုတိယ နှင့် တတိယ အဆင့်သည် ရေရှည်နိုင်ငံရေး အတွက် လွှတ်တော်ထဲ၌ ဝင်ရောက် လုပ်ဆောင် သွားကြရန်တို့ ဖြစ်ပါသည်။

PNLO သည် ၂၀၁၂ ခုနှစ်ဇွန်လ (၂၇) ရက်နေ့တွင် ထိုင်းနိုင်ငံ တွေ့ဆုံခဲ့သည့် တတိယကြိမ် အလွတ်သဘော တွေ့ဆုံပွဲ တွင် ၄င်းတို့ တင်ပြခဲ့သော အချက် ၆ ချက်အဆိုကို ဦးအောင်မင်းတို့က လက်ခံသဖြင့် အပစ်အခတ် ရပ်စဲရေး အတွက် မူအရ လက်ခံ သဘောတူ ခဲ့ပါသည်။ 

ဤသို့ကြောင့် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို  ၂၀၁၂ ခုနှစ် သြဂုတ် လ (၂၅) ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပ ခဲ့ကြပါသည်။

ထိုအခမ်းအနား ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲများကို နောက် (၃) လအတွင်း ဆက်လက် ကျင်းပ သွားကြရန် နှစ်ဖက် သဘောတူခဲ့ကြပါသည်။ သို့သော် လက်တွေ့တွင် (၆) လခန့် ကြားပြီးမှ မတ်လ (၂၂) ရက်နေ့တွေ့ဆုံပွဲ အစီစဉ်ကို ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ဆိုပါသည်။

0 comments:

Facebook Fan Page