Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, March 6, 2013

အစိုးရ သင်ရိုးသည် တိုင်းရင်းသား စာပေများကို ဖျက်ဆီးရာရောက်




အဲာပိုန် ၊ မတ်လ (၆)၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ ပညာရေး ဌာန၏ တိုင်းရင်းသား ဘာသာ သင်ကြားရေး အစီစဉ်သည် တိုင်းရင်းသား စာပေကို ထိန်းသိမ်း လိုခြင်းထက်
ကျောင်းသုံး သင်ရိုးညွှန်းတမ်းကို တိုင်းရင်းသား ဘာသာဖြင့် တိုးချဲ့ပြီး ထိန်းချုပ် လိုသော ရည်ရွယ်ချက်သာ ဖြစ်သည်ဟု မွန် စာပေ ပညာရှင် တဦးက ဆိုပါသည်။ 

“အစိုးရ ကျောင်းသုံး စာအုပ်ကို ကျနော် ဘာသာပြန်ကြည့်ပြီးပြီး၊ ဒီတော့ ဗမာဝါကျအတိုင်း မွန်ကလေးတွေကို သင်ကြားပေး ရမယ် ဆိုရင်တော့ မွန်အက္ခရာနဲ့ သင်တယ် ဆိုပေမဲ့လို့ နားလည်မှာတော့ မဟုတ်ပါဘူး။ ဗျည်းအက္ခရာ လေ့ကျင့်ပေးတဲ့ နေရာမှာ ဆိုရင်လည်း ပိုပြီးတောင် ဆိုးရွား သွားစေတဲ့ အဖြစ်ပါဘဲ။ ဥပမာ မမဝဝထထက  ဆိုရင် မွန်စာပေ အဖြစ် ပြောင်းလဲလို့ ရပေမဲ့ အဲဒီ ဝေါဟာရရဲ့ အဓိပါယ်က မူရင်း မဖြစ်နိုင်တော့သလို မူရင်း ၀ါကျအတိုင်း သင်ကြားရင်လဲ မွန်ဝေါဟာရတွေ ပြောင်းလဲ သွားတဲ့ အတွက် မွန်ကလေးတွေ နားလည်မှာ မဟုတ်တော့ ပါဘူး။” ဟု ဆိုသွား ပါသည်။

အစိုးရသည် ကျောင်းသုံး အခြေခံပညာ မူလတန်း အဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း မြန်မာစာ ကျောင်းသုံး စာအုပ်ကို တိုင်းရင်းသား ဘာသာ အဖြစ် တိုက်ရိုက် ပြောင်းလဲပြီး ရေးသား ပြုစုထားပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် တိုင်းရင်းသား စာပေ ကျွမ်းကျင် သူများကို သင်တန်း ခေါ်ယူပြီး ခန့်ထားတော့မည်ဟု ပညာရေး ၀န်ကြီးက ပြီးခဲ့သည့် မတ်လ (၁) ရက်တွင် ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။ 


တိုင်းရင်းသား စာပေများကို အစိုးရ သင်ရိုးညွှန်းတမ်း အတိုင်း ဘာသာပြန်ပြီး အစိုးရ ကျောင်းများတွင် တရားဝင် သင်ကြား တော့မည် ဖြစ်ပါသည်။ အစိုးရ သင်ရိုးညွှန်းတမ်း အတိုင်း ဖြစ်သည့် အတွက် ဘာသာရပ် မတူညီမှု၊ ၀ါကျ မတူညီမှုနှင့် ဘာသာပြန် အခက်အခဲကြောင့် ယခုပြုစုလိုက်သော ကျောင်းစာများ အပေါ်  တိုင်းရင်းသားများက လက်မခံ လိုကြပေ။ ၄င်းတို့သည် အခြေခံ မူလတန်း အဆင့် ကျောင်းစာကို ပြည်နယ် အဆင့် ပညာရေး ကော်မီတီများက လွတ်လပ်စွာ ပြဌာန်း လိုကြပါသည်။ 

အစိုးရသည် တိုင်းရင်းသားဘာသာ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာပြဆရာ၊ ဆရာမများကို လေ့ကျင့်ပျိုး ထောင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်။ တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူ ပညာရှင်များက အဖွဲ့လိုက်ရေးသား ပြုစုထားပြီး ဖြစ်ပါသည်။

အစိုးရသည် တိုင်းရင်းသား စာပေများကို အဓိကထား ထိန်းသိမ်းလိုခြင်း၊ ဖွံ့ဖြိုးစေခြင်း မရှိဟု တိုင်းရင်းသားများက စွပ်စွဲကြပါ သည်။ တိုင်းရင်းသား စာပေကို တိုင်းရင်းသားများ၏ သင်ရိုးညွှန်းတမ်းဖြင့် လွတ်လပ်စွာ ခွင့်ပြု သင့်သည်။ လက်ရှိ ကျင့်သုံးခဲ့ သော စနစ်မှာ ယခင် အစိုးရများထက် စေတနာ မပါကြောင်း ဝေဖန်ကြပါသည်။

 “ကျနော်တို့ မွန်စာပေအတွက် ၁၉၅၄ ခုနှစ်ကတည်းက မွန်ပညာရေးဘုတ် အဖွဲ့တခု အစိုးရက ဖွဲ့စည်းပေးပြီးတော့ ကိုယ့် ရဲ့သင် ရိုးညွှန်းတမ်းနဲ့ စာသင်ကျောင်းထဲမှာ သင်ကြားခွင့်ရတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တက္ကသိုလ် အဆင့်အထိလည်း ရှိခဲ့တယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင် အာဏာ သိမ်းပြီး နောက်ပိုင်းမှာ ၁၉၆၄ ခုနှစ်တွင် တိုင်းရင်းသား စာပေ သင်ကြားခွင့်ကို ဥပ ဒေအရ ယနေ့အထိ ပိတ်ပင်ခဲ့ပါတယ်။ ယခု အစိုးရရဲ့ လုပ်ရပ်ကလဲ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး” ဟု ဆိုသွားပါသည်။

မြန်မာ ပညာရေး စနစ်သည်လည်း မလေးရှားနိုင်ငံ ပညာရေးစနစ် နည်းလမ်း အတိုင်း လုပ်ဆောင် ပေးသင့်ကြောင်း ဆိုပါ သည်။ ယင်းနိုင်ငံတွင် တိုင်းရင်းသား အလိုက် တိုင်းရင်းသား ဘာသာရပ်ဖြင့် အခြေခံ မူလတန်းကျောင်း အဆင့်တွင် မသင် မနေရ သင်ကြားခွင့် ပေးထား ခဲ့သည်ဟု မွန်ပညာရှင်က ဆိုပါသည်။

ဤသို့ကြောင့် တိုင်းရင်းသား ဘာသာရပ်ကို အစိုးရ စာသင်ကျောင်း များကို တိုင်းရင်းသား များ၏ စာပေ သင်ကြားရေး စနစ်ဖြင့် တရားဝင် သင်ကြားနိုင်ရန် ဥပဒေ အရ ခွင့်ပြုသင့်ကြောင်း တိုင်းရင်းသား များက တောင်းဆိုနေခြင်းပင် ဖြစ်ပါသည်။




0 comments:

Facebook Fan Page