Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 29, 2013

နယ်မြေ သတ်မှတ်ချက် မရှိသော အပစ်ရပ်များ စစ်ဆင် ခံရနိုင်ဖွယ်ရှိနေ




အဲာပိုန် ၊ မတ်လ (၂၉) ရက်နေ့

အစိုးရသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တိုက်ပွဲများ ဖြစ်ပွား နေရခြင်းသည် အပစ်အခတ် ရပ်စဲရာ တွင် နှစ်ဖက် တပ်တည်နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိခြင်း ကြောင့် ဖြစ်ခဲ့ရသည်ဟု အစိုးရ ပြောကြားချက် အပေါ် RCSS မှ လက် မခံပယ်ချကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင်က ဆိုပါသည်။ 

 “ဤစကားကိုတော့ ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့ မတ်လ(၂၀) ရက်နေ့က ရှမ်းပြည်နယ် လာရှိးမြို့မှာ ကျင်းပသွားတဲ့  ရှမ်း/ ကယား ငြိမ်းချမ်းရေး တည်ဆောက်မှု အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခါတိုင်း လိုလိုမှာ ဒီတပ် ကိစ္စကို ကျနော်တို့ ဘက်က အမြဲ တင်ပြပါတယ်။ သူတို့ ဖက်ကဘဲ  ပြည်နယ် အဆင့် သဘော တူထားတဲ့ အချက် (၅) ချက် လောက်တောင် မလိုက်နာလို့ တိုက်ပွဲတွေ ဖြစ်နေရတာ” ဟု ဆို ပါသည်။

RCSS/SSA နှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးစဉ်က နှစ်ဖက် တပ်ဖွဲ့များ လက်ရှိ ရောက်ရှိနေသည့် တပ်တည်နေရာ၌ပင် နေထိုင်ကြရန် သဘော တူထားခဲ့သည်။ 

ယင်းသို့ကြောင့် RCSS/SSA တို့သည် မြို့တွင်း၊ ကားလမ်းပေါ်နှင့် အစိုးရ စခန်းများအား တိုက်ခိုက်ခြင်း မပြုရန် အမိန့်ထုတ် ပြန် ထားခဲ့သည်။ သို့သော် အစိုးရ တပ်များသည် RCSS နေရာသို့ ကြိုတင် အကြောင်း မကြားဘဲ ထိုးစစ်ဆင် လာမှုကြောင့် အကြိမ် (၅၀) ထက်မနဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။

ဤအခြေအနေကြောင့် RCSS/SSA တို့သည်လည်း မိမိတို့ တောတွင်း စခန်းများသို့ ကြိုတင် အသိမပေးဘဲ ဝင်ရောက်လာ ပါက တိုက်ခိုက် ရမည်ဖြစ်ကြောင်း ညွှန်ကြား ထားခဲ့ရပါသည်။  RCSS တပ်များကမူ  သက်ဆိုင်ရာ အစိုးရ အဖွဲ့ များထံ ကြိုတင် အကြောင်းကြား ပြီးမှသာ သွားလာ လှုပ်ရှား ကြကြောင်း  ဗိုလ်မှုး စိုင်းလောက်ဆိုင်က ဆိုပါသည်။

အစိုးရ တပ်များသည် RCSS ကို တိုက်ခိုက်ပြီးလေတိုင်း နယ်မြေ သတ်မှတ်ခြင်း မရှိသည့် အကြောင်း ပြချက်ကို ပြောကြား လေ့ ရှိခဲ့ပါသည်။ RCSS ဖက်မှ နယ်မြေ သတ်မှတ် ပေးရန် တောင်းဆို ပြန်သော်လည်း အစိုးရဖက်မှ တုန့်ပြန်ခြင်း မရှိခဲ့ပေ။
ဤသဘော ထားသည် အစိုးရ၏ အပစ်အခတ် ရပ်ရေး၏ မူလ သဘောထား ပင်ဖြစ်ကြောင်း စစ်ရေး အကဲခတ်များမှ ဆိုပါ သည်။  

အစိုးရသည် ရာဇသံ ပေးပြီး တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်လာသည့် အတွက်  RCSS/SSA သည် စစ်ရေး ထိန်းချုပ် နယ်မြေ သတ်မှတ်ပေး နိုင်ရေး အတွက် အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်လာသဖြင့် ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့တွင် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းထံ စာရေး တောင်းဆိုခဲ့ပါသည်။

အစိုးရသည် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များအနက် စစ်ဆင်ရန် မလိုအပ်သော အဖွဲ့များကိုသာ အခြေခံ နယ်မြေ သတ်မှတ် ပေးထားသည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦး တို့နှစ် ဖွဲ့ကိုသာ အခြေခံ နယ်မြေ သတ်မှတ် ပေးထား ပါသည်။ မွန်ပြည်သစ်ပါတီက အခြေခံ နယ်မြေ (၂၇)နေရာ တောင်းဆိုခဲ့ရာ (၂၃) နေရာ သဘောတူ ခဲ့ပါသည်။  ချင်းအမျိုးသား တပ်ဦး (CNF) အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလတွင် ဦးအောင်မင်းနှင့် ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်သာ တွေ့ဆုံစဉ် တင်ပြ တောင်းဆိုခဲ့ရာ (၄) နေရာ အနက် (၃) နေရာသာ ခွင့်ပြု ခဲ့ပါသည်။ 

ဤအခြေအနေကို ကြည့်ခြင်း အားဖြင့် အစိုးရသည် စစ်ဆင် စရာ မလိုအပ်သော ဒေသရှိ အဖွဲ့များအား နယ်မြေ သတ်မှတ်ပေး ထားသလို စစ်ဆင်ရန် လိုအပ်နေသည့် ဒေသများမှ အဖွဲ့များကိုမူ နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိကြောင်း ထင်ရှားသည် ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။

အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း၏ သဘောထားနှင့် ပြောကြားချက်များသည်လည်း အစိုးရ၏ နိုင်ငံရေး သဘောထား နှင့် စစ်ဆင်ရေး အမြင်ပေါ်တွင်သာ ဆင်ချင်ပြီး ပြောနေခြင်း ဖြစ်နိုင်ကြောင်း တွက်ဆ ရသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် kia , knu, knpp, rcss, SSPP, tnla, pnlo, နှင့် ရှမ်းပြည်နယ်တွင်း အပစ်အခတ် မရပ်ရသေးသော အဖွဲ့များ အား အပစ်ရပ် သော်လည်း နယ်မြေ သတ်မှတ်မှု ပေးမှာ မဟုတ်ကြောင်း အကဲခတ် ရပါသည်။ အထူးသဖြင့် အပစ်ရပ်သော် လည်း နယ်မြေ သတ်မှတ်ခြင်း မပေးသော အပစ်ရပ်အဖွဲ့များ စစ်ဆင်ခံရနိုင်သေးကြောင်း သုံးသပ်နိုင်ပါသည်။

0 comments:

Facebook Fan Page