စစ်ပြေငြိမ်းရာတွင် တပ်တည် သတ်မှတ်ရန် လိုဟု KIA ကဆို
ရွှေဟသာင်္သတင်းဌာန၊ မတ်လ (၅) ရက်နေ့
ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့်
အစိုးရ အဖွဲ့တို့ လာမည့် မတ်လ ဒုတိယ ပတ်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု KIA စစ်ရုံးချုပ်
အရာရှိတစ်ဦးက ပြောပါသည်။
“တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကျနော်တို့နဲ့
အစိုးရ ကိုယ်စားလှယ်တွေ တဖက်နဲ့တဖက် အပြန်အလှန် စာအဆက်အသွယ် တော့ ရှိပါတယ်။ အစိုးရဘက်က
ဘယ်နေ့တွေ့ကြမယ် ဘယ်သူတွေ လာကြမယ်ဆိုတာ အကြောင်း ပြန်ကြားတာတော့ မရှိ သေးဘူး ဆိုတော့
ဘယ်လို ဆွေးနွေးပွဲ မျိုးလဲ ဆိုတာ တိတိ ကျကျတော့ ပြောလို့ မရသေးဘူး။” ဟုဆိုပါသည်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့၌သာ ဖြစ်ဖွယ် ရှိသည်ဟု ဆိုပါသည်။ KIA သည် လာမည့် ဆွေးနွေးပွဲ၌ အစိုးရ
တပ်တည် ကိစ္စနှင့် တပ်နေရာ ချထားရေးကို တင်ပြရန် ရှိနေကြောင်း ဆိုပါသည်။
KIA သည် အစိုးရနှင့် စစ်ပြေ ငြိမ်းရန်
တရုတ် အစိုးရ၏ ကြားဝင် ဖြန်ဖြေမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် တရုတ်ပြည်
ရွှေလီမြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။ ဤတွေ့ဆုံပွဲမှ
KIA နှင့်အစိုးရတို့ စစ်ပြေငြိမ်းရေးကို ယေဘူယျ သဘောတူ နိုင်ခဲ့သည်။
ဆွေးနွေးပွဲ ကိုလည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင်
နှစ်ဖက် ထပ်မံ တွေ့ဆုံကြရန် သဘောတူညီချက် ရရှိထားသော်လည်း အစိုးရ စစ်ဆင်ရေးများ ဆက်လက်
ရှိနေခြင်းနှင့် ၄င်းတို့ ၀န်ထမ်းများအား ရှင်းလင်း တင်ပြရန် ရှိနေသေးသဖြင့် KIA ဘက်က
ဆွေးနွေးရန် အသင့် မရှိသေးကြောင်း ရက်ရွေ့ဆိုင်း ခဲ့ရပါသည်။
ဤသို့ကြောင့် KIA သည် အစိုးရနှင့် တွေ့ဆုံ
ဆွေးနွေးရေး ကိစ္စ အပေါ် KIA ၀န်ထမ်း များ၏ သဘောထားကို ရယူရန် မတ်လ (၄) ရက်နေ့၌ လိုင်ဇာမြို့ပေါ်ရှိ ဝန်ထမ်း များအား တွေ့ဆုံခဲ့ပါသည်။ KIA
သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု
ဆိုပါသည်။
KIA ဒုဦးစီးချုပ်၏ အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး ၀န်ထမ်းရှင်းလင်းပွဲ
အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်
ချီဖွေ- လောခေါင်၌ အခြေချ ထားသည် KIA တပ်မဟာ
(၁)၊ တပ် ရင်း (၁၀) လက်အောက်ခံ တပ်ဖွဲ့များ
ရှိသည့် တပ်စခန်းနေရာသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့၌ ထိုးစစ်ဆင်
တိုက်ခိုက် လာခဲ့သည်။ ဤစစ်ဆင်ရေးကြောင့် စခန်း တချို့မှ KIA တပ်များ ဆုတ်ခွာ ပေးခဲ့ပါသည်။
ထိုဒေသတွင် ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့ အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့သည်ဟု
KIA ဘက်က ဆိုပါသည်။
အလားတူ တပ်မဟာ (၁) လက်အောက်ခံ ပန်းဝါဒေသ၌လည်း မတ်လ (၂) ရက်နေ့ အထိ စခန်းသိမ်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါ
သည်။ ဤကဲ့သို့ အစိုးရ တပ်များမှ စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲ ခဲ့သော်လည်း စခန်းကို
သိမ်းပိုက်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာ ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် အစိုးရ စစ်ဆင်ရေး
များသည် KIA နှင့် အမြန်တွေ့ဆုံပွဲ ဖြစ်လာရန် ဖိအားပေးသော စစ်ဆင်ရေးသာဖြစ်ကြောင်း အကဲခတ်များ
ယူဆခြင်းဖြစ်ပါသည်။
ဤစစ်ဆင်ရေးကြောင့် KIA ဖက်မှလည်း တွေ့ဆုံ
ဆွေးနွေးမှုကို ရက်ရွှေ့ဆိုင်း လိုက်ပါသည်။ ဤအခြေအနေမှ ယခုအချိန်၌ အစိုးရ စစ်ဆင်ရေးများ ငြိမ်သက် လာသဖြင့်
နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရေးမှာ ရက်သတ်မှတ်မှုများ ဖြစ်လာခဲ့ပါသည်။ ဤသို့ကြောင့် ယခုလ ဒုတိယပတ်တွင် ပြန်လည် ဆွေးနွေးကြမည် ဖြစ်ကြောင်း နှစ်ဖက်စလုံးမှ
သတင်းထုတ်ပြန် လာခဲ့ပါသည်။ တွေ့ဆုံမည့် ရက်အတိအကျကိုလည်း အစိုးရ ဘက်မှ မကြာမှီ အကြောင်းပြန်
ကြားရန် ရှိနေပါသည်။
သို့သော် အစိုးရ တပ်များသည် စစ်ဆင်မှုများ
လျှော့ထား စေကာမူ KIA တပ်မဟာ (၁) ချီဖွေဒေသ၊
တပ်မဟာ (၄) ဒေသ ရှမ်းမြောက်ပိုင်းနှင့် တပ်မဟာ (၅) လိုင်ဇာဌာနချုပ် အနီးရှိ တပ်စခန်းများသို့
လူအင်အား လက်နက်အင်အား၊ ရိက္ခာများ များ ဆက်လက် ဖြည့်ဆည်းနေလျှက် ရှိကြောင်း KIA အရာရှိက
ဆိုပါသည်။
ဤသို့ကြောင် လာမည့် တွေ့ဆုံမှု၌ ဖေဖေါ်ဝါရီ
(၄) ရက်နေ့ သဘောတူ ညီချက်အတိုင်း စစ်ပြေငြိမ်းရန် လိုအပ်သည့် နှစ်ဖက် တပ်များ တပ်တည်နေရာ
သတ်မှတ်ရန် လိုမည်ဟု KIA ဖက်မှ ယူဆထားပါသည်။ ဤကဲ့သို့ တပ်တည်များ မသတ်မှတ် နိုင်သရွေ့
တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာဖွယ် အခြေအနေတွင် ရှိနေပါသည်။ ဤသို့ကြောင့်
KIAသည် ယခုတွေ့ဆုံ ဆွေးနွေးပွဲ၌ တပ်တည်နေရာ သတ်မှတ်ရေးကို တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း
ထုတ်ဖေါ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
0 comments:
Post a Comment